အင်းဆက်များ ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ပေါ်ခြင်း
(Insecticide Resistance of Insects)
အင်းဆက်များ ပိုးသတ်ဆေးယဉ်ပါးလာခြင်းအန္တရာယ်သည် ကမ္ဘာကြီးကိုး တနေ့တခြား ခြိမ်းခြောက်လာ နေပြီဖြစ်သည်။ လူသားတို့၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အား ထိပါးရိုက်ခတ် လာလျက်ရှိသည်။ Michigan State University ၏ မှတ်တမ်းအရ - ၁၉ ၉ ၀ ခုနှစ်တွင် ပိုးသတ်ဆေး ယဉ်ပါးသွားသော အင်းဆက် မျိုးစိတ်ပေါင်း ၅၀၀ကျော်ရှိပြီဟု ဆိုပါသည်။
စိုက်ခင်းသီးနှံများ၊ သိုလှောင်သီးနှံများတွင် ပိုးများဖျက်ဆီးခံရမှု နည်းပါးသွားစေရန်အတွက်သော်လည်းကောင်၊ ရောဂါဘယများ သယ်ဆောင်ကူးစက်လာမှု လျော့ပါးသွားစေရန်အတွက်သော်လည်းကောင်း ပိုးသတ်ဆေး များကို အသုံးပြုကြပါသည်။ သို့ရာတွင် အစဉ်အမြဲ ထိရောက်သည်ဟူ၍တော့ မရှိတတ်ချေ။ ပိုးသတ်ဆေး တစ်ခု၏အစွမ်းသတ္တိသည် ရာသက်ပန်တည်မြဲနေရိုးထုံးစံမရှိပေ။
သက်ရှိတို့မည်သည် မိမိအပေါ်ကျရောက်လာသော အန္တရာယ်ကို အစွမ်းရှိသမျှ ခုခံတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုသို့ ခုခံမှုအကြိမ်များလာလျင် ပိုးတို့သည် ပိုးသတ်ဆေးများကို တစ်ခုပြီးတစ်ခု ယဉ်ပါးသွားပါတော့သည်။ ဆေးယဉ်ပါးမှုနှုန်း မြင့်မားလာလျင် တခါတရံ အုံကြွမှု (Out – break) အဆင့်သို့ပင် ရောက်ရှိလာတတ်သည်။ ထိုအခါ အသစ်အသစ်သော ပိုးသတ်ဆေးများ ထပ်မံထုတ်လုပ်လာကြရသည်။ တဖန် ထိုဆေးများကိုပင်လျင် ပိုးတို့ယဉ်ပါးသွားကြပြန်ပါတော့သည်။ ဆေးအသစ်နှင့် မျိုးဆက်သစ်ပိုးများ ဘတပြန် - ကျားတပြန် နပန်းလုံးနေကြရသည်။
ပိုးများ ဆေးယဉ်ပါးမှုကို ခွဲခြမ်းစိတ်ဖြာကြည့်လျင် အကြောင်းအချက် အမျိုးမျိုးပေါင်းဆုံခြင်းကြောင့် ဖြစ်ပွားလာ လေ့ရှိကြောင်း တွေ့ရမည်ဖြစ်သည်။ အဓိကအားဖြင့်
(၁) ပိုးတို့၏ဇီဝဗေဒဆိုင်ရာအကြောင်းတရားများ
(၂) မျိုးဗီဇဆိုင်ရာ အကြောင်းတရားများ
(၃) ဆေးပစ္စည်းဆိုင်ရာအကြောင်းတရားများနှင့်
(၄) ဆေးပက်ဖျန်းခြင်းဆိုင်ရာအကြောင်းတရားများတို့ကြောင့် ဖြစ်လေ့ရှိသည်။
ပိုးတို့၏ဘ၀စက်ဝန်းသည် တိုတောင်းကြသည်။ သားပေါက်နှုန်း များကြသည်။ တစ်နှစ် တစ်ရာသီအတွင်း အချို့ပိုးများသည် သားဆက်အကြိမ်များစွာ ပေါက်ပွားနိုင်ကြသည်။ ထို့ကြောင့် ပိုးတို့၏ တရွေ့ရွေ့ ပြောင်းလဲမှုဖြစ်စဉ် (Evolution) သည် အခြားသက်ရှိတို့ထက် လျင်မြန်ကြသည်။ ပိုးသတ်ဆေး တမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေသစ်တွင် အသက်ရှင်သန် ကျန်ရစ်နိုင်ရန် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ နိုင်စွမ်း မြန်ဆန်ကြသည်။ ဇီဝဗေဒဆိုင်ရာ အကြောင်းတရားအနေဖြင့်
- သားဆက်ကြိမ်နှုန်း (Generation Frequency)
- သားဆက်ကြိမ်တစ်ကြိမ်အတွင်း ပေါက်ပွားမှုပမာဏ (Number of offsprings per generation)
- အမူအကျင့်ပြောင်းလဲမှု (Behaviour changes)
- ပြောင်းရွေ့ကျက်စားမှု (Migration) စသည်တို့သည် ပိုးများဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေနိုင်သည်။
ပိုးများသည် သက်ရှိများဖြစ်ကြသည်။ သက်ရှိတို့၏ ခန္ဓာကိုယ်သည် ဆဲလ်များဖြင့် ဖွဲ့စည်းထားသည်။ ဆဲလ်များအတွင်း၌ မျိုးရိုးဗီဇအစွမ်းသတ္တိကို သယ်ဆောင်ထားသော ခရိုမိုဇုန်း (Chromosomes) များ အတွဲလိုက်တည်ရှိနေကြသည်။ ဗီဇဆိုင်ရာအကြောင်းတရားအနေဖြင့် ခရိုမိုဇုန်းများပေါ်ရှိ ဆေးယဉ်ပါး မျိုးဗီဇများ၏ လွှမ်းမိုးနိုင်မှု (Dominance of resistant genes) အနေအထား၊ဆေးယဉ်ပါးမှုနှင့် အံဝင်ဂွင်ကျ ဖြစ်စေသော ဗီဇပုံစံ (Fitness of genotype)၊ ခရိုမီဇုန်းများပေါ်ရှိ ဆေးအမျိုးမျိုးယဉ်ပါးမှု ဖြစ်စေတတ်သော ဗီဇစုံတွဲ အရေအတွက် (Number of different resistance alleless) စသည်တို့ ဖြစ်ကြသည်။
ပိုးသတ်ဆေးဆိုရာတွင် ပိတ်ပင်တားဆီးဆေးများ (Inhibitors)၊ မြုံဆေးများ (Chemosterilants)၊ ဟော်မုန်းဆေးများ (Hormone Agents)၊ လှန့်ဆေးများ (Repellents)၊ မြူဆွယ်ဆေးများ (Attractants) စသည်တို့ကိုဆိုလိုပါသည်။ သို့သော် အသုံးအများဆုံးမှာ အာရုံကြောကို အဆိပ်သင့်စေသော ဆေးများ (Neurotoxicants) ချည်းသာဖြစ်ကြပါသည်။ ဆေးများအားလုံးသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ဆေးအုပ်စုတစ်ခုတည်းအတွင်းမှဆေးများပင်ဖြစ်စေကာမူ မော်လီကျူးဖွဲ့စည်းပုံများ ကွဲပြားသွားကြသည်။ ထိုသို့ ကွဲပြားမှုကြောင့် ဆေးတစ်ခုနှင့်တစ်ခု၏အစွမ်းသတ္တိများ (Toxic Potential) နှင့် ခန္ဓာကိုယ်အတွင်း အဆိပ်ရွေ့လျားမှုများ (ToxicoKinetics) ခြားနားသွားတတ်သည်။ ဆေးပစ္စည်းဆိုင်ရာ အကြောင်းတရား အနေဖြင့် ဆေးသက်တည်မြဲမှုကာလ (Persistance)၊ ပိုးသတ်ဆေး၏ ဓါတုဗေဒသဘောတရား၊ ဆေး၏ ကျည်ဝင်လမ်းကြောင်းများ (Target sites)၊ ဆေးထိချက်ပုံစံ (Mode of Action) စသည်တို့သည်လည်း ဆေးယဉ်ပါးမှုကို ဖြစ်စေခြင်းအကြောင်းရင်းများ ဖြစ်ကြပါသည်။
ဆေးပက်ဖျန်းခြင်းဆိုင်ရာအကြောင်းတရားအနေဖြင့် ဆေးနှုန်းထား၊ ပက်ဖျန်းနည်းစနစ်၊ ပက်ဖျန်းချိန်၊ ဆေးဖျန်းကိရိယာ၏အရည်အသွေး စသည်တို့ဖြစ်ကြပါသည်။
အထက်ဖော်ပြပါအချက်များအနက် အချို့သည် ရှောင်လွှဲမရနိုင်သော အကြောင်းတရားများ (uncontrollable factors) ဖြစ်သဖြင့် ပိုးသတ်ဆေးတစ်ခုသည် တချိန်တွင် ပိုးကို မနိုင်တော့ချေ။ သို့သော် - ရှောင်လွှဲနိုင်သော အကြောင်းတရားများကို လိုက်နာဆောင်ရွက်ပေးခြင်းအားဖြင့် ပိုးသတ်ဆေးတစ်ခု၏ အသုံးဝင်မှုသက်တမ်းကို ဆွဲဆန့်ထားနိုင်ပါသည်။ ဆေးယဉ်ပါးမှုကို နှေးကွေးသွားစေနိုင်ပါသည်။
ပိုးသတ်ဆေးတစ်ခု ပက်ဖျန်းလိုက်လျင် ပိုးအများစု သေဆုံးသွားကြသည်မှန်သော်လည်း ခုခံနိုင်စွမ်းရှိသော ပိုးအနည်းငယ် ကျန်ရစ်နေတတ်စမြဲဖြစ်သည်။ ရှင်သန်ကျန်ရစ်သော ပိုးများမှ ပေါက်ပွားလာသော သားဆက်များသည် ထိုဆေးအမျိုးအစားကို ယဉ်ပါးသွားကြပါတော့သည်။ ဆေးယဉ်ပါးမှုသည် မျိုးရိုးဗီဇအထိ လိုက်ပါသွားလေ့ရှိသည်။ ဆေးယဉ်သွားသော ပိုးများမှ ပေါက်ပွားလာသော သားဆက်များကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုးသေဆုံးစေနိုင်မှု လျော့နည်းလာသည်။
(ပုံ - ၁ ကို ကြည့်ပါ)
ပိုးမွှားဗေဒရှုဒေါင့်မှကြည့်လျင် အချို့ပိုးများသည် အဆိပ်သင့်လွယ်ကြသည် (Susceptibility)။ အချို့သည် ဆေးကိုပြန်လည်တုံ့ပြန်လွယ်ကြသည်။ ယေဘူယျအားဖြင့် လှုပ်ရှားမှုနှေးကွေးသောပိုးများသည် ဆေးဒဏ်ကို ပို၍ခံနိုင်ရည်ရှိတတ်သည် (Tolerance)။ ဆေးကို ပြန်လည်တုံ့ပြန်သော အဆိပ်ဖြေအင်ဇိုင်းများ ထွက်လွယ်မှု ကြောင့်ဖြစ်သည်။ ဆေးသုံးစွဲမှုအမှားများကြောင့် အသက်မသေဘဲ ရှင်သန်ကျန်ရစ်သောပိုးများမှ အဆိပ်ဖြေ အင်ဇိုင်း ထွက်လွယ်သောမျိုးဆက်သစ် ပိုးများ ပေါ်ထွန်းလာစေသည် (Mutation)။ ထို့ကြောင့် ပိုးနှိမ်နင်းရာတွင် ထိရောက်မှုရှိစေရန် သို့မဟုတ် ဆေးယဉ်ပါးမှု နှောင့်နှေးစေရန်အတွက် ဆေးသုံးစွဲမှု မှန်ကန်ဖို့ လိုပါသည်။ အဆိပ်ဆေးဝါးဗေဒရှုဒေါင့်မှကြည့်လျင် ဆေးယဉ်ပါးမှုကို အဆင့်ဆင့်ပိုင်းခြား သတိထား သင့်ပါသည်။
(ပုံ - ၂ ကို ကြည့်ပါ)
စိုက်ပျိုးရေးလောကတွင် ကုမ္ပဏီအမျိုးမျိုး၏ ပိုးသတ်ဆေးအမျိုးမျိုးတို့ကို သုံးစွဲနေကြသော်လည်း ဖျက်ပိုးများကို နိုင်သည်လည်း ရှိကြသည်၊ မနိုင်သည်လည်း ရှိကြသည်။ ပိုးသတ်ဆေးဖျန်းပါလျက် ဖျက်ပိုးများကို နှိမ်နင်းနိုင်မှု့ မရှိသောအခါ ပိုးသတ်ဆေးအပေါ်တွင်လည်းကောင်း၊ ကုမ္ပဏီအပေါ်တွင်လည်းကောင်း သံသယများ ပွားလာတတ်ကြသည်။ အကယ်စင်စစ် - ဖျက်ပိုးများကို နှိမ်နင်းနိုင်မှု့မရှိခြင်းသည် ဆေးသုံးစွဲသူ၏ အမှားကြောင့်လည်း ဖြစ်နိုင်သည်။ ဆေးဖျန်းကိရိယာကြောင့် လည်း ဖြစ်နိုင်သည်။ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။
တောင်သူအများစုသည် ပိုးသတ်ဆေးတစ်ခုကို နှစ်ခြိုက်မိလျင် စွဲစွဲလန်းလန်း သုံးစွဲလေ့ရှိကြသည်။ ဆေးတစ်ခုတည်း သို့မဟုတ် ဆေးအုပ်စုတစ်ခုတည်းကို ကြိမ်ဖန်များစွာ အဆက်မပြတ် သုံးစွဲလာသောအခါ ပိုးအနည်းငယ်သည် အသက်မသေဘဲ ကျန်ရှိနေတတ်သည်။ သေစေနိုင်လောက်သော ပမာဏအထိ အဆိပ်မမိလိုက်သော ပိုးများ ရှင်သန်ကျန်ရစ်နေခြင်း ဖြစ်သည်။ ထိုပိုးများမှ ပေါက်ပွားလာသော မျိုးဆက်သစ်များသည် တဖြေးဖြေး ပို၍ပို၍ ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာတတ်သည်။ မိမိ လက်ကိုင်သုံးစွဲ လာသော ဆေးသည် ပိုးကို သေစေနိုင်မှု့ လျော့ပါးလာသောအခါ ထိုပိုးသတ်ဆေးကို သံသယစကားများဖြင့် ပုတ်ခတ်စွပ်စွဲလာတတ်ကြသည်။ နောက်ဆေးတစ်မျိုး ကို ပြောင်းသုံးကြည့်၍ အဆင်ပြေလာလျင် ယ္ခင်ဆေးထက် ယ္ခုဆေးက ပိုမိုအစွမ်းထက်သည်ဟု ထင်တတ်ကြပြန်သည်။ အကယ်စင်စစ် - လောကတွင် အစွမ်းအထက်ဆုံး ပိုးသတ်ဆေးဆိုသည်မှာ လုံးဝမရှိပါ။ ပိုးကို သေစေနိုင်သည့် ကျည်ဝင်လမ်းကြောင်း (Mode of Action) မတူညီသော ဆေးများသာ ရှိပါသည်။ ယ္ခုဆေးပင်လျင် ကြိမ်ဖန်များစွာ သုံးလာသောအခါ ပိုးကို သေစေနိုင်မှု့ လျော့ပါးလာကြောင်း တွေ့ရမည်ဖြစ်သည်။ ၎င်းကိုပင် - ပိုးများ ဆေးဒဏ်ခံနိုင်ရည် ရှိလာခြင်းဟု ခေါ်ပါသည်။
ပိုးများသည် သက်ရှိများဖြစ်ကြသည်။ သက်ရှိတိုင်းသည် မိမိအပေါ် ကျရောက်လာသော အန္တရာယ်ကို ခုခံကာကွယ်တတ်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်သည်။ ထို့ကြောင့် ပိုးကောင်အပေါ်သို့ ပိုးသတ်ဆေးဖျန်းလိုက်သောအခါ ပိုးကောင်သည်လည်း မိမိကို သေစေနိုင်သော ထိုပိုးသတ်ဆေးကို ခုခံကာကွယ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားလာကြသည်။
(၁) အဆိပ်ထိရာ မျက်နှာပြင် ထူးကဲ ပြောင်းလဲလာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~
အဆိပ်ဆေးများ ထိဖန်များလာသောအခါ ဖျက်ပိုးတို့၏ အရေပြားသည် ပုံမှန်ထက် ပိုမို ထူထဲလာခြင်း ဖြစ်သည်။
(ဥပမာ - တောင်ဆင်းတောင်တက် ကြိမ်ဖန်များစွာလုပ်ရသော တောင်ပေါ်သားတို့၏ ခြေသလုံးသည် မြေပြန့်သားတို့ထက် တုတ်ခိုင်သန်မာတတ်ကြသည်။ ထိုတောင်ပေါ်သားသည် ရန်ကုန်သို့ ရောက်လာပြီး အိမ်ထောင်သားမွေးပြုသည်ဆိုပါစို့ - ၎င်းမှ ဆင်းသက်လာသော သားသမီးများ၏ ခြေသလုံးသည်လည်း အနည်းငယ် တုတ်ခိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။)
အင်းဆက်ပိုးကောင်တို့သည် အပြင်ခွံဖွဲ့စည်းပုံ (Exo-skeleton; Exo(Greek) - out of, Skelecto (Latin) = Combining form) ရှိသော သတ္တ၀ါများ ဖြစ်ကြသည်။ ၎င်းတို့၏ အပြင်ပိုင်း ဖွဲ့စည်းပုံသည် ထူထဲ ပြောင်းလဲလာသောအခါ ခန္ဓာကိုယ် အတွင်းအင်္ဂါများထံသို့ အဆိပ်ထိုးဖောက် ၀င်ရောက်နိုင်မှု့ နည်းသွားသည်။ မည်သည့် ပိုးမဆို သေဆုံးစေရန်အတွက် လုံလောက်သော အဆိပ်ပမာဏ မိဖို့လိုသည်။
ထို့ကြောင့် ဆေးဝင်ရောက်မှု့ အားကောင်းစေရန်အတွက် ပိုးသတ်ဆေးဖျန်းရာတွင် စိမ့်ဝင်ပျံ့နှံ့ဆေး (Penetrant) ရောစပ်ထည့်ပေးသင့်သည်။
(၂) အာရုံကြောရှိ အဆိပ်သင့်ရာ နေရာများ ထူးကဲပြောင်းလဲလာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပိုးသတ်ဆေးတစ်ခု ဖျန်းလိုက်သည်။ ပိုးကောင်သေသွားသည်။ ဘာကြောင့် - ပိုးကောင် သေသွားရပါသလဲ? ပိုးသတ်ဆေးသည် အဆိပ်ဖြစ်သည်။ အဆိပ်မိ၍ သေသွားသည် ဆိုသော အဖြေသည် အရပ်ဖြေ-အဖြေ ဖြစ်သည်။ လူတစ်ယောက် သေနတ် အပစ်ခံလိုက်ရ၍ သေသွားသည်။ ဘာကြောင့်သေသွားပါသလဲ? ကျည်ဆံမှန်လို့ သေသွားသည်ဆိုသော အဖြေသည် အရပ်ဖြေ-အဖြေ ဖြစ်ပါသည်။ ကျည်ဆံမှန်၍ သေဆုံးသော ရုပ်အလောင်ကို မှု့ခင်းဆရာဝန်က စစ်ဆေးသည်။ ဆေးစာ ရေးပေးသည်။ ကျည်ဆံသည် နဖူးမှ ၀င်၍ နောက်စေ့သို့ ထွက်သွားသောဒဏ်ရာဖြင့် သေသည်/ ကျည်ဆံသည် ရင်အုံမှ ၀င်၍ နှလုံးကို ဖောက်သွား သော ဒဏ်ရာဖြင့်သေသည်/ ကျည်ဆံသည် ၀မ်းဗိုက်မှဝင်၍ အစာအိမ်ကို ပိုင်းသွားသော ဒဏ်ရာဖြင့်သေသည် စသည်ဖြင့် မှတ်ချက်ပေးပါသည်။ ၎င်းမှတ်ချက်သည်ပင် သေသွားစေသော နေရာအား ကျည်ဆံဖြတ်သန်းဝင်ရောက်ရာ လမ်းကြောင်းကို ဖေါ်ပြခြင်းဖြစ်ပါသည်။
လက်ရှိသုံးစွဲနေသော ပိုးသတ်ဆေးအားလုံးနည်းပါးသည် အာရုံကြောကို အဆိပ်သင့်စေသောဆေး (Neurotoxicants or Nerve Poisons) များ ချည်းသာဖြစ်ကြသည်။ ပိုးကောင်သည် ပိုးသတ်ဆေးမိ၍ သေသွားသည်ဆိုခြင်းမှာ အာရုံကြောကို အတိုက်အခိုက်ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။ အာရုံကြောပေါ်တွင် ပိုးသတ်ဆေး တိုက်ခိုက်လိုက်သော နေရာသည် ထိုပိုးသတ်ဆေး၏ ကျည်ဝင်လမ်းကြောင်းပင်ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရာတွင်လည်း ပိုးသတ်ဆေးတစ်မျိုးနှင့် တစ်မျိုး အာရုံကြောပေါ်သို့ ထိရိုက်သော နေရာများ/ တိုက်ခိုက်သောနေရာများ မတူညီသောဆေးများလည်းရှိသလို တူညီသောဆေးများလည်း ရှိသည်။
ပိုးကောင်သေစေနိုင်သော ပိုးသတ်ဆေးတို့၏ ကျည်ဝင်လမ်းကြောင်း (Mode of Action) တစ်ကြောင်းတည်းကို ကြိမ်ဖန်များစွာသုံးလျင် ပိုးကောင်သည် ထိုနေရာအား သဘာဝတရားအရ ထူးကဲပြောင်းလဲပြီး ကာကွယ်တတ်လာကြသည်။ ထိုကျည်ဝင်လမ်းကြောင်းများသည် ဆေးအုပ်စုတစ်ခုနှင့်တစ်ခု တူသည်လည်းရှိကြသလို၊ မတူသည်များလည်း ရှိကြသည်။ ဆေးပြောင်းလဲသုံးစွဲသည်ပင်ဆိုသော်လည်း အုပ်စုတစ်ခုအတွင်းမှ ဆေးချည်းသာဖြစ်နေလျင် အုပ်စုတွင်းလွှဲပြောင်းခုခံမှု့ (Class-resistance) ဖြစ်သွားသည်။ ဆေးအုပ်စုခြားသော်လည်း ကျည်ဝင်လမ်းကြောင်းတူသော ဆေးများသာ လွှဲပြောင်းသုံးစွဲနေလျင်လည်း ပိုးတို့သည် မကြာမီ ဆေးကို အုပ်စုခြား လွှဲပြောင်းခုခံမှု့ (Cross-resistance) ဖြစ်ပေါ်စေသည်။
ထို့ကြောင့် ပိုးသတ်ဆေးခုခံမှု့ လျော့ပါးသွားစေရန်အတွက် ကျည်ဝင်လမ်းကြောင်း မတူညီသော ဆေးများကိုသာ လွှဲပြောင်းသုံးစွဲပေးပါ၊ သို့မဟုတ် ရောစပ်သုံးစွဲပေးပါ။
(၃) အဆိပ်ဖြေအင်ဇိုင်းများ ထွက်ရှိလာခြင်း
~~~~~~~~~~~~~~~~~~~~~
သက်ရှိတိုင်းသည် ကျရောက်လာသော အန္တရာယ်ကို ခုခံကာကွယ်တတ်ကြောင်း ဆိုခဲ့ပြီးဖြစ်ပါသည်။ ပိုးကောင်တို့သည် အဆိပ်မိသောအခါ ထိုအဆိပ်ကို ဓါတ်ပျယ်စေရန်အတွက် ခန္ဓာကိုယ်အတွင်းမှ အဆိပ်ဖြေအင်ဇိုင်းများ သဘာဝအလျောက် ထုတ်လွှတ်ပေးတတ်သည် (Detoxification Mechanism)။ ထို့ကြောင့် မစို့မပို့ ဆေးနံ့ပေးရုံ ပက်ဖျန်းပေးနေလျင် ပိုးကောင်များကို အဆိပ်ဖြေအင်ဇိုင်းများ ထုတ်တတ်စေရန် လေ့ကျင့်ပေးနေသကဲ့သို့ ဖြစ်တတ်သည်။ ကျည်ဝင်လမ်းကြောင်း ကွဲပြားသော ဆေးများကို တစ်ခုပြီးတစ်ခု ပြောင်းလဲသုံးစွဲပေးပါသည်ဆိုသော်လည်း ဆေးနှုန်းထား နည်းနည်းနှင့် အခါခါ သုံးနေလျင် နောက်ဆုံး၌ ပိုးတို့သည် အာရုံကြောကိုအဆိပ်သင့်သောဆေး (Neurotoxicants) အားလုံးပြီးသွားတတ်သည်။ ဘယ်ဆေးမှ မတိုးတော့ဘူးဆိုသော အဖြစ်သို့ ဆိုက်ရောက်သွားတတ်သည်။ ဤသို့ဖြစ်ခြင်းကို ဘက်စုံလွှဲပြောင်းခုခံနိုင်မှု့ (Multi-resistance) ဟု ခေါ်ဆိုသည်။
ထိုသို့ မဖြစ်စေရန် ပိုးသတ်ဆေးသုံးသောအခါတိုင်း နှုန်းထားပြည့်မီ၊ မှန်ကန်စွာ သုံးစွဲပေးဖို့ လိုသည်။
(၄) အမူအကျင့်၊ အလေ့အထများ ပြောင်းလဲလာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
တိရစ္ဆာန်တို့တွင် စဉ်းစားတွေးခေါ်နိုင်သော အသိ (Intelligence) မရှိသော်လည်း သဘာဝက ပေးသော ဗီဇအသိ (Instinct) ရှိကြသည်။ သေစေနိုင်သောပမာဏအထိ အဆိပ်မမိဘဲ ပြန်လည် နာလန်ထလာသော ပိုးများသည် ၎င်းတို့ကြုံတွေ့ခဲ့ရသော အခြေအနေကို ဗီဇအသိဖြင့် မှတ်မှတ်ထင်ထင် ရှိသွားတတ်သည်။
ဥပမာ - ဆေးဖျန်းသံကြားရုံမျှဖြင့် အရွက်ထူထူကြားတွင် ပြေးလွှားပုန်းခိုခြင်း၊ ဆေးနံ့ရသည်နှင့် အပင်ပေါ်မှ ခုန်ချထွက်ပြေးခြင်း၊ ညနေရောက်တိုင်း ဆေးဖျန်းတတ်မှန်း သိသွားသောအခါ စားသောက်ချိန်ဓလေ့ကို ပြောင်းလဲ၍ ညလယ်၊ ညနှောင်းတို့တွင် ထွက်တတ်လာခြင်း စသည်တို့ဖြစ်သည်။
ထိုသို့ မဖြစ်ပေါ်စေရန်အတွက် ပိုးသတ်ဆေးဖျန်းသောအခါတိုင်း ထိထိမိမိ နှံ့နှံ့စပ်စပ် ဖျန်းပေးရန်လိုအပ်ပါသည်။
တစ်ခုသိထားသင့်သည်မှာ ဆေးတိုင်းဆေးတိုင်းသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဆေးမတိုးတော့သော အဖြစ်မျိုး ကြုံရမည်မှာ သေချာပါသည်။ ငမြှောင်တောင်မှန်လျင် ကမ္ဘာတည်သရွေ့ ဒီဆေးသာသုံး၊ အားလုံး အတုံးအရုံးဖြစ်သွားစေရမည်ဆိုလျင် စိုက်ပျိုးရေးလောက၌ ဆေးအသစ်ဆိုသည်မှာ ပေါ်လာစရာအကြောင်း မရှိတော့ချေ။ ဆေးတစ်ခု၏ အသုံးချမှု့ သက်တမ်း ရှည်ကြာစေရန်နှင့် သုံးစွဲသူ၊ စားသုံးသူ၊ သဘာဝပါတ်ဝန်းကျင်တို့အတွက် ဘေးအန္တရာယ် ကင်းစေရန် ဆေးကို စနစ်တကျ မှန်ကန်စွာ သုံးစွဲကြဖို့ လိုပါသည်။
Credit by;
စိုက်ပျိုးရေးပညာဖြင့် လောကကို အလှဆင်ကြပါစို့
ဦးခင်ဇော်