စပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် စပါးသက်တမ်းအဆင့်အလိုက် ဓါတ်မြေသြဇာထည့်သွင်းရမည့် နည်းလမ်းများ

စပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် စပါးသက်တမ်းအဆင့်အလိုက် ဓါတ်မြေသြဇာထည့်သွင်းရမည့် နည်းလမ်းများ
စပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက် ဓါတ်မြေသြဇာထပ်မံထည့်သွင်းခြင်း (Top-dressing) လုပ်ဆောင်ရာတွင် ရည်မှန်း ချက် (၄)ရပ် ထားရှိဆောင်ရွက်ရပါမည်။ ရည်မှန်းချက်များ ကွဲပြားခြားနားသကဲ့သို့ ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းရမည့် အချိန်များသည် လည်း ကွဲပြားခြားနားကြပါသည်။ ယင်းရည်မှန်းချက် (၄)ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) အနှံ (Panicles) အရေအတွက်များစေရန်။
(၂) စပါးစေ့ (Spikelets or Grains) အရေအတွက်များစေရန်။
(၃) စပါးခွံအရွယ်အစား (Hull Size) ကြီးထွားလာစေရန်နှင့် လုံးပိန်လုံညှပ်၊ အသိမ်အဖျင်း (Degenerated Spikelets) များ ဖြစ်ပေါ်ခြင်း နည်းပါးစေရန်။
(၄) အစေ့ကြီးထွားဖွံ့ဖြိုးခြင်း (Kernel Development) ရှိစေရန်နှင့် အောင်စေ့ရာခိုင်နှုန်း (Percentage of Ripened Grains) မြင့်မားစေရန်တို့ ဖြစ်ပါသည်။
(၁) အနှံအရေအတွက်များစေရန် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်း
ဓါတ်မြေသြဇာ မြေခံထည့်ခြင်း (Base_Dressing) နှင့် အစောပိုင်းကာလတွင် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်း (Top-dressing) လုပ်ငန်း (၂)ရပ်၏ အဓိကရည်ရွယ်ချက်မှာ အနှံ (Panicle) အရေအတွက် တိုးပွားလာစေရန် ဖြစ်ပါသည်။ ကောက်စိုက်ပြီးလျှင်ပြီးခြင်း ပင်ပွားစောစွာ ပွားစည်းလေ စပါးအထွက်များလေဖြစ်ပါသည်။ ထို့ကြောင့် အမြစ်စွဲအပြီး ကောက်ပင်လှန်သည်နှင့် တစ်ပြိုင်နက် ဓါတ်မြေ သြဇာ ထက်မံထည့်သွင်းခြင်း (Top-dressing) လုပ်ဆောင်သင့်ပါသည်။ ဆိုလိုသည်မှာ ပင်ပွားအရေအတွက် အများဆုံးရှိချိန် (Maximum Tiller-number Stage) မတိုင်မီ (၂၅)ရက်အလို၌ ဓါတ်မြေသြဇာထက်မံထည့်သွင်းခြင်း (Top-dressing) ပြုလုပ်သင့်ပါ သည်။ လက်တွေ့တွင်မူ တောင်သူလယ်သမားအများစုသည် အနှံထွက်နိုင်သည့် ပင်ပွားများ ပွားစည်းပြီးသည့် နောက်ပိုင်းကာလ၌ ဓါတ်မြေသြဇာ ထက်မံထည့်သွင်းလေ့ရှိပါသည်။ အကျိုးဆက်အားဖြင့် အနှံမထွက်နိုင်သော ပင်ပွား (Nan-bearing Tillers) များ ပွား စည်းလာသည့် အပြင် ပိုးမွှားရောဂါကြောင့် ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်လာပါသည်။ ၄င်းအပြင် လည်ဆစ်ဖြစ်တည်ချိန် (Neck- node Diferentiation Stage) မတိုင်ခင် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းပါက စပါးပင်ယိုင်လဲခြင်းများလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် လည်ဆစ်ဖြစ်တည်ချိန် (Neck-node Differentiation Stage) မတိုင်မီမှ စတင်၍ အနှံစေ့ဖြစ်တည်ချိန် (Spikelet Differentiation Stage) ကာလနောက်ဆုံးချိန်အပိုင်းအထိ ဓါတ်မြေသြဇာထပ်မံ ထည့်သွင်းခြင်း မပြုလုပ်သင့်ပေ။
(၂) အနှံစေ့ (Spikelets) အရေအတွက် များပြားစေရန် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းချိန်
သုတေတနတွေ့ရှိချက်များအရ လည်ဆစ်ဖြစ်တည်ချိန် (Neck-node Differentiation Stage) တွင် ဓါတ်မြေသြဇာထပ်မံ ထည့်သွင်းခြင်း (Top-dressing) ပြုလုပ်လျှင် အနှံစေ့ အရေအတွက် (Number of Spikelets) များစွာ ဖြစ်ပေါ်ပါသည်။ ထို့ကြောင့်မြေသြဇာ ထက်သန် မှုမရှိသော မြေနှင့် စပါးပင်၌ နိုက်ထရိုဂျင်ချို့တဲ့မှုများဖြစ်ပေါ်နေချိန် သို့မဟုတ် အနှံစေ့ အရေအတွက် (Number of Spikelets) အလွန် နည်းပါးစွာ ထွက်လေ့ရှိသော စိုက်ခင်းများတွင် အနှံမထွက်မီ (၃၂) ရက်အလို လည်ဆစ်ဖြစ်တည်ချိန် ( Neck-node Differentiation Stage) တွင် ဓါတ်မြေသြဇာထက်မံထည့်သွင်းခြင်း (Top-Dressing) ပြုလုပ်သင့်ပါသည်။ သို့သော် သတိပြုရမည့်အချက်မှာ ဤအချိန် တွင် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်းအားဖြင့် စပါးအထွက်နှုန်းကျဆင်းလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အနှံအရေအတွက် (Number of Spikelets) သည် အလွန်များပြားစွာ ဖြစ်ထွန်းလာပြီး အောင်စေ့ရာခိုင်နှုန်း (Percentage of Ripened Grains) ကျဆင်း သွားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် (၁)မီတာပတ်လည်အကွက်တိုင်းတွင် အနှံစေ့ (Spikelets) အရေအတွက် အထူးကျဆင်း လေ့ရှိသည့် စပါးစိုက်ခင်းများမှ အပ ဤအချိန်တွင် နိုက်ထရိုဂျင်ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်း (Top-dressing) မပြုလုပ်သင့်ပေ။ သို့သော် နိုက်ထရိုဂျင်ဓါတ်မြေသြဇာအစား ပိုတက်ဓါတ်မြေသြဇာကို မူကားထည့်သွင်းသင့်ပါသည်။
(၃) စပါးခွံအရွယ်အစား (Hull Size) ကြီးထွားစေရန်နှင့် လုံးပိန်လုံးညှပ် အသိမ်အဖျင်း နည်းပါးအောင် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းချိန်
အနှံမထွက်မီ (၁၈)ရက် အလို မျိုးပွားအဂါင်္များ ဖြစ်ပေါ်တိုးတက်သည့်ကာလ (Reduction Division Stage) တွင် ဓါတ်မြေသြဇာ ထပ်မံ ထည့်သွင်းပါက စပါးခွံအရွယ်အစား (Hull Size) ကြီးထွားလာသည့်အပြင် လုံးပိန်လုံးညှပ်၊ အသိမ်အဖျင်း (Degenerated Spikelets) အရေအတွက်လည်း လျော့နည်းစေပါသည်။ အာဟာရဓာတ်ပါဝင်မှု နည်းသဖြင့် မြေဆီသြဇာညံ့ဖျင်းလေ့ရှိသော လယ်မြေများတွင် အနှံ ကိုင်း အနှံခက် (Rachis-branches) များ၏ ဖြစ်တည်မှု စွမ်းအားများ ကျဆင်းလေ့ရှိပါသည်။ ထို့ကြောင့် အထက်ဖော်ပြခဲ့သည့် အချိန်တွင် ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်း (Top-dressing) ပြုလုပ်သင့်ပါသည်။
(၄) အစေ့ (Kernel) ကြီးထွားဖွံ့ဖြိုးစေရန်နှင့် အောင်စေ့ ရာခိုင်နှုန်း(Percentage of Ripened Grains) မြင့်မားစေရန် ဓါတ်မြေသြဇာထပ်မံ ထည့်သွင်းချိန်
အစေ့ (Kernel or Caryopsis) ကြီးထွားဖွံ့ဖြိုးစေရန်နှင့် အောင်စေ့ ရာခိုင်နှုန်း (Percentage of Ripened Grains) မြင့်မားလာစေရန် ရင့်မှည့်သည့် အချိန်ကာလ (Ripening Period) အတွင်း စပါးပင်ကို အာဟာရချို့တဲ့ခြင်းမဖြစ်အောင် ပြုစုစောင့်ရှောက်ပေးရပါမည်။ အောင်စေ့ရာခိုင်နှုန်းသည် (၈၅) ရာခိုင်နှုန်းအောက် ကျဆင်းပါက အနှံထွက်ချိန် (Full Heading Time) တွင် ဓါတ်မြေသြဇာ ထပ်မံ ထည့်သွင်းသင့်ပါသည်။ အထူးသဖြင့် မြေဆီသြဇာ ထက်သန်ခြင်း မရှိသော စပါးခင်းများတွင် အဖြစ်မနေ ဓါတ်မြေသြဇာထပ်မံထည့် သွင်းရမည်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း
No comments:
Post a Comment