စပါးအခြောက်ခံနည်းစနစ်များ

(၁) သဘာဝလေဖြင့် အခြောက်ခံခြင်း
(၂)နေလှန်းအခြောက်ခံခြင်း
(၃) စက်ကိရိယာသုံး၍ အခြောက်ခံခြင်း
(၁) သဘာဝလေဖြင့် အခြောက်ခံခြင်း
စပါးများကို ရိတ်သိမ်းခြွေလှေ့ပြီးနောက် နေလှန်းအခြောက်ခံရန် အခြေအနေမပေးသော အခါများတွင် အဆောက်အဦးအတွင်း၌ လည်းကောင်း၊ အမိုးအကာများအောက်၌လည်းကောင်း လေသလပ်အခြောက်ခံခြင်း ဖြစ်ပါသည်။ ထို့သို့ အခြောက်ခံရာတွင် မျိုးစေ့ရှိ အစိုဓာတ်သည် ပတ်ဝန်းကျင်လေထဲသို့ အငွေ့ပြန်၍ မျိုးစေ့ခြောက်သွေ့ရပါသည်။ မျိုးစေ့ထဲတွင်ရှိမည့် အစိုဓာတ်ပါဝင်မှုသည် မျိုးစေ့ထု ကို ဖြတ်သန်းရွေ့လျားနေသော လေထု၏ စိုထိုင်းဆပေါ်တွင် မူတည်ပါသည်။ လေထုထဲရှိရေငွေ့ဓာတ်သည် မျိုးစေ့ထဲရှိအစိုဓာတ်ပါဝင်မှု ထက် နည်းမှသာ ခြောက်သွေ့မည်ဖြစ်ပါသည်။ အဆောက်အဦး၏ တံခါးများကိုဖွင့်ထားခြင်း၊ လေကိုရွေ့လျားအောင် လေ၀င်လေ ထွက်ရှိအောင် လေပန်ကာ အသုံးပြုခြင်းဖြင့်လည်း မျိုးစေ့ကို မြန်မြန်ခြောက်သွေ့စေပါသည်။
၎င်းနည်းစနစ်တွင် နေရာကျယ်ကျယ်လိုအပ်ခြင်း၊ လုပ်အားများများ အသုံးပြုရခြင်း၊ မကြာခဏ မျိုးစေ့ကို ခြေကတော့ထိုး ထွန်ဂျစ်ဆွဲပြု လုပ်ရခြင်း၊ အချိန်ကာလကြာမြင့်ခြင်းနှင့် ခြောက်သွေ့မှု မညီညာခြင်းစသော ဆိုးကျိုးများရှိပါသည်။
(၂) နေလှန်းအခြောက်ခံခြင်း
စပါးများ ရိတ်သိမ်းခြွေလှေ့ပြီးနောက် ရာသီဥတုအခြေအနေ ပေးသောအခါတွင် လယ်သမားအများစုသည် စပါးများကို နေလှန်း အခြောက်ခံခြင်း နည်းစနစ်ဖြင့် အသုံးပြုကြသည်။
၎င်းနည်းစနစ်သည် အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ပါသည်။ ၄င်းနည်းစနစ်တွင် မျိုးစေ့များအောက်မှ တာပေါ် လင်၊ နိုင်လွန်ပိုက်၊ ပလစ်စတစ်နှင့် ဖျာများခင်း၍ အခြောက်လှန်းကြပါသည်။ တချို့သော တောင်သူလယ်သမားများသည် ကွန်ကရစ် တလင်း၊ ကားလမ်းများပေါ်တွင် နေလှန်း အခြောက်ခံကြပါသည်။
နေလှန်းအခြောက်ခံရာတွင် စပါးအထူကို (၅) စင်တီမီတာ (သို့မဟုတ်) (၂)လက်မထက် မပိုသင့်ပါ။ မကြာခဏ စပါးများကို မွှေပေးရန် (ခြေကတော့ထိုး၊ ထွန်ဂျစ်ဆွဲ) လိုအပ်ပါသည်။ မကြာခဏ မွှေပေးပါက စပါးအခြောက်မြန်ခြင်း၊ ခြောက်သွေ့မှု ညီညာခြင်း၊ မျိုးစေ့ ထိခိုက် ပျက်စီးမှု သက်သာခြင်း စသည်အကျိုးကျေးဇူးများရရှိစေပါသည်။ လှန်းထားသော စပါးများသည် နေ့တွင်ပူ၍ ခြောက်သွေ့ပြီး၊ ညတွင်အေး ၍ ပြန်လည်စိုစွတ်လာခြင်းကြောင့် ဆန်သားများ အက်ကြောင်းများ ဖြစ်၍အဆစ်ကျိုးများဖြစ်ပေါ်လာပါသည်။ ဤကဲ့သို့ဖြစ်ခြင်းသည် ကွန်ကရစ်တလင်း၊ ကားလမ်းများပေါ်တွင် လှန်းသော စပါးများတွင် ပိုမိုဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ကရစ်တလင်း၊ ကားလမ်း များပေါ်တွင် စပါးများ နေလှန်းမည်ဆိုပါက အောက်မှ တာပေါ်လင်များ ခင်းထားရပါမည်။
(က)နေလှန်းအခြောက်ခံခြင်း၏ ဆိုးကျိုးများ
- အပူချိန်ကို ထိန်းချုပ်နိုင်ခြင်းမရှိ၍ စပါးအရည်အသွေးကို ထိခိုက်စေပါသည်။
- ခြောက်သွေ့မှု မညီညာခြင်း
- ကျယ်ဝန်းသော မြေနေရာ လိုအပ်ခြင်း
- လုပ်အားပိုမိုသုံးစွဲရခြင်း
- ကြွက်၊ ကြက်ငှက်တို့၏ ဖျက်ဆီးမှုရှိခြင်း
- မိုးရာသီ မိုးရွာရက်တွင် စပါးကို အခြောက်ခံ၍ မရခြင်း
- အချိန်ကြန့်ကြာခြင်း
- ဖုံ၊ သဲ၊ ခဲ၊ အခြားမျိုးကွဲများ ရောနှောနိုင်ခြင်း
- ကွန်ကရစ်တလင်း၊ ကားလမ်းများပေါ်တွင် လှန်းပါက ပိုမိုထိခိုက် ပျက်စီးခြင်း
(ခ) နေလှန်းအခြောက်ခံခြင်း၏ လေလွင့်ဆုံးရှုံးမှုများ
- အရေအတွက် ဆုံးရှုံးမှု – လှန်းတလင်းမှ ဘေးသို့လွင့်စင်၍ ဆုံးရှုံးခြင်း။
- အရေအတွက် ဆုံရှုံးမှု – ကြွက်၊ ငှက်များ ဖျက်ဆီးခြင်း။
- အရည်အသွေးဆုံးရှုံးမှု -ပူလိုက်၊ အေးလိုက်၊ စိုလိုက်၊ ခြောက်လိုက် လုပ်ငန်းစဉ်ကြောင့် ဆန်သားအက်ကြောင်းများ ဖြစ်ပေါ်ခြင်း။
- အရည်အသွေး ဆုံးရှုံးမှု – ခြောက်သွေ့မှု မညီညာခြင်းကြောင့် စပါးစေ့ ယိုယွင်းပျက်စီးခြင်း၊ အပူချိန်များလွန်းခြင်း။
(ဂ) နေလှန်းအခြောက်ခံရာတွင် လိုက်နာဆောင်ရွက်သင့်သော နည်းလမ်းကောင်းများ
- နေလှန်းတလင်းတွင် အက်ကွဲပေါက်ပြဲခြင်း ရှိပါက ပြုပြင်ရပါမည်။
- နေလှန်းအခြောက်ခံရာတွင် နေလှန်းချိန်အများဆုံးရရှိစေရန် နံနက်စောစော စတင်အခြောက်လှန်းပါ။
- အခြားသောပစ္စည်းများရောနှောမှု မရှိစေနိုင်ရန် စပါးများကို ဖြန့်မလှန်းမီ တလင်းကို သန့်ရှင်းအောင်ဆောင်ရွက်ပါ။
- ခြောက်လှန်းမှုမြန်စေရန်အတွက် ဖြစ်နိုင်လျှင် ပါးပါးဖြန့်လှန်းရမည်ဖြစ်ပြီး ၂ လက်မထက်၊ မထူစေရပါ။
- ခြောက်သွေ့မှုမြန်စေရန်နှင့် ညီညာစေရန် နေလှန်းထားသော စပါးများကို ခြေထောက် (၀ါ) ထွန်ဂျစ်များဖြင့် မကြာခဏ မွှေပေးရ ပါမည်။
- ညပိုင်းတွင် လေထဲရှိ ရေငွေ့အစိုဓာတ်များကို စပါးစေ့များမှ စုပ်ယူနိုင်သဖြင့် ၄င်းအခြေအနေကို လျော့နည်းနိုင်စေရန် စပါးများကို တလင်းပေါ်တွင် စုပုံ၍ တာပေါ်လင် (၀ါ) ပလပ်စတစ်များဖြင့် ဖုံးအုပ်ထားရပါမည်။
- စပါးများကိုနေလှန်းထားစဉ် မိုးရွာနိုင်သော အခြေအနေဖြစ်ပေါ်လာပါက တလင်းပေါ်တွင် စုပုံ၍ တာပေါ်လင်တွင် ( ၀ါ ) ပလပ် စတစ်စများဖြင့် ဖုံးအုပ်ထားရပါသည်။
- စပါးများကို နေလှန်းရာတွင် စပါး၏ အစိုဓာတ် ၁၄ရာခိုင်နှုန်း သို့မဟုတ် ၄င်းထက်လျော့အောင် အခြောက်လှန်းရပါမည်။ အစိုဓာတ် တိုင်း ကိရိယာများမရှိပါက စပါးစေ့ကို ရှေ့သွားနှင့်ကိုက်ကြည့်ပါက စပါးခွံနှင့် ဆန်သားပါပိုင်းပြတ်သွားရပါမည်။
No comments:
Post a Comment