စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ
(Bacterial Leaf Blight of Rice)
(က) ရောဂါဖြစ်စေသက်ရှိ
Xanthomonas oryzae pv, oryzae
(ခ) ရောဂါလက္ခဏာ
စပါးပင်သက်တမ်းတစ်လျှောက်လုံးရောဂါဝင်ရောက်နိုင်သည်။ စပါးပင်ကြီးထွားမှုအဆင့်လိုက် ရောဂါလက္ခဏာ(၃)မျိုးရှိသည်။
(၁) ပင်ညှိုးအဆင့် (Kresek or wilt)
အပင်ငယ်စဉ် (ပျိုးပင်အဆင့်)တွင် အောက်ရွက်၏ ရွက်ဖျား ရွက်နားများတွင် သေးငယ်သော ရေစိုနာကွက် စတင်ပေါ်ပြီး ရွက်ပြား တစ် လျှောက် ကျယ်ပြန့်သွားသည်။ အပင်ငယ်၌ ရောဂါတိုးတက်မှု ပို၍မြန်ဆန်ပြီး အရွက်အောက်ခြေထိ ရောဂါဆင်းကာ အရွက်ဝါ၍ ခြောက်လာသည်။ ဘက်တီးရီးယားသည် ရွက်ပြား၊ ရွက်ဖုံးမှတစ်ဆင့် ပင်စည်သို့ရောက်ကာ ထွက်ခါစ အရွက်အားထိခိုက်ပြီး ရွက်လိပ် မပြေပဲ တစ်ပင်လုံးညှိုး၍ သေသွားသည်။ ပျိုးနှုတ်စဉ် ဒဏ်ရာရသော အမြစ်များမှလည်းကောင်း၊ ရွက်ဖျားများ ပြတ်ခြင်းကြောင့် လည်းကောင်း၊ ရောဂါဝင်၍ စိုက်ပြီး (၂-၄)ပတ်အတွင်း ညှိုး၍ သေနိုင်သည်။ သို့အတွက် ပင်ညှိုးအဆင့်ကို ပျိုးခင်းနှင့် စိုက်ပြီး (၁)လခန့် အထိတွင် တွေ့နိုင်သည်။ အပင်ကြီးလာသည်နှင့်အမျှ အပင်ခံနိုင်ရည်တက်လာပြီး ရွက်ခြောက် (Leaf Blight) လက္ခဏာသာ တွေ့ရ သည်။
(၂) ရွက်ခြောက်အဆင့် (Leaf Blight)
အပင်ပွားစီးချိန်နောက်ပိုင်းမှစ၍ ရွက်ခြောက်ရောဂါအဆင့်ကို ဖြစ်ပေါ်စေသည်။ ရောဂါသည် ရွက်ဖျားမှစ၍ ဖြစ်စေ၊ အနားမှစ၍ဖြစ်စေ ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ ရွက်ပြားတစ်လျှောက် ကျယ်ပြန့်လာသည်။ ရောဂါရှေ့တိုးသွားသည်နှင့် အမျှ နောက်ပိုင်းမှ ရော ဂါဖြစ်ပြီး ကျန်ခဲ့သော တစ်သျှူးသားမှာ ကောက်ရိုးခြောက် ရောင်သို့ပြောင်းသွားသည်။ ထို့နောက် ဖြူဖွေးသောအရောင်သို့တိုင် ပြောင်း လဲသွားသည်။ ရောဂါရှေ့တိုးသွားစဉ် ရောဂါကင်းတစ်သျှူးသားနှင့် ရောဂါရတစ်သျှူးသားတို့ ဆက်စပ်ရာတွင် အ၀ါရောင် သို့မဟုတ် ရေစိုနာ (စိမ်းပြာရောင်) ရှိပြီး အနားမညီဘဲ လှိုင်းတွန့်ပုံရှိနေသည်ကို တွေ့ရသည်။ နံနက်စောစောနှင်းကျပြီး ရောဂါရအပိုင်းမှ ဘက်တီး ရီးယားစိမ့်ထွက်ရည်များ ထုတ်ပြီး အရွက်တွင် ကပ်နေသည်။ နေပွင့်လာသောအခါ ပယင်းရောင်အလုံးကလေးများအဖြစ် သာမန်မျက်စေ့ ဖြင့်ပင်မြင်ရသည်။ မိုးရွာမှုရှိပါက မိုးရေနှင့် ပျော်ပြီးဆင်းသွား၍ မတွေ့နိုင်ပါ။ ဤလက္ခဏာများသည် ဤရောဂါ၏ ထင်ရှားသော အချက် ပင်ဖြစ်ပါသည်။ ဤရွက်ခြောက်အဆင့်သည် ရွက်ပြားပေါ်တွင် ပုံသဏ္ဍာန်အမ်ျိုးမျိုးရှိနိုင်သော်လည်း ဆုံးဖြတ်ရမည့်အချက်များမှာ အထက်ဖော်ပြပါ အတိုင်းဖြစ်သည်။
(၃) အ၀ါဖျော့ရောင်အဆင့် (Pale Yellow)
ကြီးထွားချိန်နောက်ပိုင်း အပင်ကြီးများတွင် ဖြစ်ပေါ်သည်။ တစ်ပင်လုံး ၀ါဖျော့ရောင်ဖြစ်ပေါ်နေသည်။ ဘက်တီးရီးယားများသည် အပင် ၏ အောက်ခြေပိုင်းတွင်အစာရေကြောစည်းအားပိတ်ဆို့နေ၍သော်လည်းကောင်း၊ ၄င်းတို့ထုတ်သောအဆိပ်ကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်ဟူယူဆကြသည်။
(ဂ) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု
ကမ္ဘာ၏ တောင်လတ္တီတွဒ် (၂၀ံ)နှင့် မြောက်လတ္တီတွဒ် (၅၀ံ)အတွင်းရှိ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အာရှ အရှေ့ စပါးစိုက် ဒေသများ၊ အနောက်အာဖရိကတိုက် အနောက်ပိုင်းနှင့် သြစတြေးလျနိုင်ငံ ကွင်းစလန်ဒေသ၊ လက်တင်အမေရိကနိုင်ငံများတွင် တွေ့ရှိ ရသည်။
(ဃ) ရောဂါတိုးတက်ဖြစ်ပေါ်မှုပေါ်မှုကို အားပေးသော အခြေအနေများ
၁။ ရောဂါခံနိုင်ရည်နည်းသော မျိုးများ စိုက်ပျိုးခြင်း။
၂။ ရောဂါဖြစ်စေ ဘက်တီးရီးယားသည် စပါးစိုက်ဒေသ အသီးသီးတွင် ပျံ့နှံ့တည်ရှိနေခြင်း။
၃။ စပါးသီးနှံကို နွေသီးနှံ၊ မိုးကြိုသီးနှံ၊ မိုးသီးနှံ စသည်ဖြင့် ဆက်တိုင်စိုက်ပျိုးခြင်း။
၎။ စပါးပင်၏ အာဟာရဓာတ်လိုအပ်ချက်ကို ပြည်စုံအောင် ဖြည့်ဆည်းပေးနိုင်မှုမရှိခြင်း၊ နိုက်တြိုဂျင်လွန်ကဲစွာ ထည့်ပေးခြင်း။
၅။ ရေကြီးခြင်း၊ ရေလွှမ်းခြင်း။
၆။ ရေသွင်းရေထုတ် ညံ့ဖျင်းခြင်း။
၇။ ပေါင်းမြက် ကောက်လေနှင့် စပါးသားတက်များ ရှင်းလင်းမှု အားနည်းခြင်း။
၈။ စပါးရာသီ တစ်ခုနှင့် တစ်ခု ကြားတွင် မြေခြောက်မှုမရှိခြင်း၊ ရိုးပြတ်များခြောက်မှု မရှိခြင်း။
၉။ ရာသီဥတုအားပေးခြင်း၊ (မိုးရွာ၊ မိုးအုံ့ရက်များခြင်း၊ လေတိုက်ခြင်း၊ မိုးသက်လေမုန်တိုင်းကျခြင်းနှင့် နေရောင်ခြည်ရရှိမှု နည်းခြင်း)။
၁၀။ ကောက်ပင်စိပ်လွန်းစွာ စိုက်ပျိုးခြင်း။
(င) ရောဂါသံသရာ
ပျိုးပင်အဆင့်တွင် ပင်ညှိုးလက္ခဏာာ တွေ့ရှိရခြင်းမှာ ပျိုးခင်းတွင် အုပ်ထားသော ကောက်ရိုးများမှတစ်ဆင့် ကူးစက်ခြင်းသော်လည်း ကောင်း၊ ရောဂါကျအခင်းတွင် ထပ်မံစိုက်ပါက ကျန်ရှိနေသော ရိုးပြန်မှ တစ်ဆင့်သော်လည်းကောင်း၊ ပျိုးပင် သို့ကူးစက်စေသည်။ သဘာဝတွင်အပင်ဖြစ်ထွန်ချိန်များမှာ စတင်၍ ကွက်ကြားဖြစ်ပေါ်ပြီး၊ အနှံထွက်အချိန်မှ ရင့်မှည့်ချိန်အထိ ရောဂါပြင်း ထန်လေ့ရှိသည်။ ရောဂါကွက်မှထွက်သော ဘက်တီးရီးယား စိမ့်ထွက်ရည်တို့သည် အလုံးငယ်များဖြစ်ကာ အရွက်တွင် ကပ်နေလေ့ရှိသည်။ ၄င်းမှ မိုးရေ၊ နှင်းရေဖြင့် ပျော်ကာ တစ်ရွက်မှ တစ်ရွက် တစ်ပင်မှ တစ်ပင်သို့ ကူးစက်ကြသည်။ ဤရောဂါသည် မိုးရေ၊ နှင်းရေ၊ သွင်းရေတို့ဖြင့် ကူးစက်သည်။ ရောဂါဖြစ် ဘက်တီးရီးယားသည် ဒဏ်ရာအနားများမှ လည်းကောင်း၊ အပင်၏ သဘာဝရေထွက်ပေါက်များမှလည်းကောင်း ၀င်ရောက်ကြသည်။
လေပြင်းတိုက်ခတ်၍ တစ်ပင်နှင့် တစ်ပင် အရွက်ခြင်းရိုက်မိသော ဒဏ်ရာများမှ တစ်ဆင့်လည်း ရောဂါဝင်ရောက်လေ့ရှိသည်။ ဘက်တီးရီးယားသည် ရောဂါကျရိုးပြတ်များ၊ မျိုးစေ့များ၊ အခြားလက်ခံပင်များ၊ မြေကြီး၊ ပေါင်းပင်များတွင် ရောဂါကူးစက်ပြန့်ပွားစေသည်။
(စ) လက်ခံပင်များ
စပါးရိုင်းများ၊ ပေါင်းပင်အများအပြားပေါ်တွင် အသက်ရှင် နေနိုင်သည်။
(ဆ) ကာကွယ်နှိမ်နင်းနည်းများ
ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများ စိုက်ပျိုးခြင်း
စပါးရွက်ခြောက်ရောဂါ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ ရောဂါခံနိုင်ရည်ရှိ စပါးမျိုးများ ရှာဖွေဖော်ထုတ် စိုက်ပျိုးခြင်းဖြစ်ပါသည်။ စပါးမျိုးများသည် တစ်မျိုးနှင့်တစ်မျိုး ရောဂါခံနိုင်ရည်ရှိမှုမီဇများ တူညီမှုမရှိကြ၍ ရောဂါကျရောက်လျှင်လည်း ခံနိုင်ရည်နည်းသော မျိုးသာ အဓိက ကျရောက်နိုင်ပါသည်။ ထို့ကြောင့် စပါးမျိုးတစ်မျိုးတည်းအား ဧရိယာများများတစ်ကွင်းတစ်စပ်တည်း စိုက်ပါက ရောဂါကျလျှင် လွယ်ကူစွာ ကူးစက်နိုင်သည့်အတွက် မျိုးကွဲများဖြင့် ယှဉ်တွဲစိုက်သင့်ပါသည်။
ဘက်တီးရီးယားရွက်ခြောက်ရောဂါ (BACTERIAL LEAF BLIGHT)

စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းခြင်း
၁။ ရောဂါကင်းသော စိုက်ခင်းမှ အောင်မြင်သောမျိုးစေ့ကို သုံးပါ။
၂။ ကောက်ကွက်စိပ်လွန်းစွာ မစိုက်သင့်ပါ။
၃။ ပျိုးခင်းအား ရောဂါကင်းပြီး သန်စွမ်းသော ပျိုးရအောင်ဆောင်ရွက်ပါ။ ပျိုးနှုတ်ရာတွင် ပျိုးပင်ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ပါ။
၎။ အာဟာရဓာတ်စုံသော မြေသြဇာသုံးပါ။ နိုက်တြိုဂျင်ဓာတ်ပါသော မြေသြဇာများအား လွန်ကဲစွာ မသုံးစွဲရ လိုအပ်လျှင် အကြိမ်ခွဲ၍ ကြဲပတ်ပေးနိုင်သည်။ ပိုတက်ရှ် မြေသြဇာကို များများ သုံးပေးပါ။
၅။ ရေထိန်းနိုင်သော ဒေသများတွင် ရေသွင်းရေထုတ်ဆောင်ရွက်ပေးပါ။
၆။ ရောဂါခံနိုင်ရည်နည်း(မဲ့)သော စပါးမျိုးအား တစ်ကွင်းတစ်စပ်တည်း ဧရိယာများစွာ စိုက်ပျိုးခြင်းမပြုသင့်ပါ။
၇။ ပေါင်းမြက်များ၊ ကောက်လေများ၊ စပါးရိုင်းများရှင်းလင်းပါ။
၈။ ရောဂါကျစိုက်ခင်းမှ ရိုးပြတ်များအား မီးရှို့၍လည်းကောင်း၊ ထယ်ထိုးမြေမြှုပ်၍လည်းကောင်း၊ မြန်မြန်ဆွေအောင်ဆောင်ရွက်ပါ။
၉။ နွေစပါးစိုက်ပျိုးရာတွင် မေ၊ ဇွန်လတွင် ဆက်လက်ရွာတက်သော မိုးနှင့် မဆုံစေရန် ဒီဇင်ဘာလစိုက်၍ ဧပြီလတွင် ရိတ်သိမ်းနိုင်ရန် စီစဉ်ဆောင်ရွက်ပါ။
၁၀။ စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ ( BLB ရောဂါ )စတင်တွေ့လျှင် တွေ့ခြင်းအောက်ပါဆေးများ ပက်ဖျန်းအသုံးပြုရန် သင့်တော်ပါသည်။
(က) Kasugamycin (ကာဆူကာမိုက်စင်)
(ခ) Copper ကော့ပါးပါဝင်သော မှိုသတ်ဆေးများ
စိုက်ပျိုးရေးဦးစီးဌာန
No comments:
Post a Comment